Sunday, July 12, 2020

ဇာတာကိုထန်းရွက်ဖြင့်ပြုလုပ်ခြင်းအကြောင်း

ဤဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းတွင် ထန်းပင်သည် အသက်အရှည်ဆုံးသော မင်္ဂလာအပင်ဖြစ်လေသည်။ ထန်းပင်သည် ၁၂ ရာသီပတ်လုံး ရွက်သစ်များ၊ အသီးအနှံများ အမြဲဝေဝေဆာဆာရှိလှသော ပဒေသာအပင်ကြီးသဖွယ် တည်ရှိနေတတ်၍ ကျက်သရေနှင့်ပြည့်စုံသောအပင်ဖြစ်လေသည်။ ထို့အပြင် ထန်းပင်တစ်ပင်လုံးရှိ အမြစ်မှ အဖျားသို့တိုင် လိုရာအသုံးပြုနိုင်သော အပင်မျိုးဖြစ်သည်။ ရှေးက ပေရွက်ပေါ်တွင် စာပေရေးသားခဲ့သလို ဇာတာများကိုလည်း ရေးသားခဲ့ပေသည်။ သို့ရာတွင် ပေရွက်သည် အရွက်ပေါင်းများစွာထပ်၍ အသားနှစ်ချပ်ဖြင့် ထိပ်နှစ်ဖက်အုပ်ပြီးလျှင် ပလ္လင်တိုင်ခေါ် ဝါးချောင်းသပ်လျှိုခြင်းဖြင့် စုစည်းထားနိုင်ပေသည်။ သီးခြားတစ်ရွက်တည်းဖြစ်လျှင်မူ ပေရွက်သည် ပျော့ပြောင်းခြင်း၊ မာကျောတောင့်တင်းခြင်းကင်း၍ ရှေးက ပေရွက်အစား ထန်းရွက်ကို အသုံးပြုခဲ့ဟန်ရှိပေသည်။ ထို့အပြင် ပေပင်သည် အသက်တိုသော သစ်ပင်တစ်ပင်ဖြစ်သည်။ သူ၏သက်တမ်းသည် နှစ် ၄၀၊ ၅၀၊ ၆၀ ဝန်းကျင်မျှသာရှိပြီး၊ အပွင့်တစ်ခါပွင့်ပြီး၊ အသီးတစ်ခါသီးပြီးလျှင် သေဆုံးသွားသောအပင်မျိုးဖြစ်သည်။ မွေးဖွားခြင်းဆိုင်ရာ ဇာတာ တစ်စောင်တွင် မွေးဖွားချိန်၌ သက်ဆိုင်သော အကြောင်းရပ် ကိန်းဂဏန်းများကို မှတ်သားထားသဖြင့် မင်္ဂလာရှိရန် လိုအပ်ပေသည်။ စတင်မွေးဖွားလာသော အမှတ်အသားများကို မင်္ဂလာကျက်သရေနှင့် ပြည့်စုံသော ပစ္စည်း(ထန်းရွက်)အား အောက်ခံထားမှတ်သား၍ အတိတ်နိမိတ်ယူခြင်း ဖြစ်ပေမည်။ ထို့ကြောင့်အသက်တိုသော ပေပင်မှ အရွက်ပေါ်တွင် ရေးသားခြင်းထက် အသက်အလွန်ရှည်သော ထန်းပင်မှ အရွက်ဖြင့် မှတ်သားကာ ဇာတာပြုလုပ်ခြင်းသည် အလွန်ပင် မှန်ကန်သင့်မြတ်ပေသည်။ ထန်းပင်သည် ရုက္ခဗေဒအလိုအားဖြင့် ပါမီအမျိုးအစား သစ်ပင်များတွင် ပါဝင်လေသည်။ ထိုပါမီ အမျိုးအစားဝင် သစ်ပင်များမှာ အုန်းပင်၊ ထန်းပင်၊ ဓနိပင်၊ စလူပင်၊ ပေပင်၊ စွံပလွံပင် စသောအပင်မျိုးများဖြစ်ပေသည်။ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသများတွင် ဖြစ်ထွန်းနိုင်သော အပင်များဖြစ်လေသည်။ ၎င်းအပင်များသည် ပင်စည်ရှည်လျား၍ အမြင့်ပေ ၁၀၀ကျော်အထိ ရှိနိုင်သည်။ အကိုင်း အခက် အလက်များ ဖြာထွက်ခြင်းမရှိပဲ အပင်ထိပ်တွင် အကိုင်း အခက်များစုပြုံ၍ ထွက်တတ်လေသည်။ ၎င်းအပင်များ၏ အရွက်မှာ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ငှက်မွှေးပုံရှိပြီး ကျန်တစ်မျိုးမှာ ယပ်တောင်ပုံဖြစ်လေသည်။ ပေပင်နှင့် ထန်းပင်အရွက်သည် ယပ်တောင်ပုံဖြစ်သည်။ သရေခေတ္တရာ ပျူတို့ခေတ်ကပင် ပေရွက်၊ ထန်းရွက်များပေါ်တွင် စာပေရေးသားခြင်းပြုခဲ့သည်ဟု ပညာရှင်များက အဆုံးအဖြတ်ပြုခဲ့ပြီးဖြစ်သည်။ ထိုအရွက်များသည် ကော်ရီဖားထန်း၊ တော့ဒီထန်းတို့ ဖြစ်ကြသည်။ တော့ဒီထန်းကို ရှေးမြန်မာများက "ထန်း" ၊ မွန်လူမျိုးများက ''တာ''၊ ပါဠိဘာသာတွင် "တာလ" ဟုခေါ်သည်။ မြန်မာနှင့်မွန်တို့အခေါ် ထန်း၊တာ တို့သည်ပါဠိဘာသာ "တာလ"မှ ဆင်းသက်လာသည့်စကားများဖြစ်ကြလေသည်။ ကော်ရီဖားထန်းကိုမူ ရှေးမြန်မာများက "ပိယ်"ဟုခေါ်ပြီး ယခုမြန်မားများက "ပေ"ဟုခေါ်သည်။ မွန်တို့က "ရိုက်"ဟုခေါ်သည်။ စာများရေးသားရာတွင် ပေရွက်သည် နူးညံ့ခြင်း၊ အရွက်ကြီးခြင်း တို့ကြောင့် ပေကိုသာ အသုံးပြုခဲ့ကြသည်။ ထန်းကို စာတိုစာစ ရေးသားရာတွင်သာ အသုံးပြုခဲ့သည်။ ဇာတာပြုလုပ်သော ထန်းပင်သည် ထန်းတောတစ်တော အပင် ၁၀၀၀ခန့်တွင် ၁၀ ပင် မရှိတတ်ပြန်ပေ။ ထိုထန်းပင်မျိုးသည် အခြားထန်းပင်များနှင့်မတူဘဲ အလွန်ကြီးထွားလှသည်။ အသီးမူ ထန်းသီးသီး၍ ပင်စည်နှင့်သစ်ရွက်တို့သည် ပေပင်ထက်ပင်ကြီးမားထွားလှသည်။ ၎င်းကို ပေထန်းဟု ထန်းတောတွင်ခေါ်သည်။ ထန်းပင်၏ ထန်းဖူးမှသည် ဇာတာတစ်စောင်ဖြစ်လာရန် အဆင့်ဆင့် ပြုပြင်ဖန်တီးရပေသည်။ ၁။ ဇာတာပြုလုပ်ရသည့်ထန်းပင်မှ ထန်းဖူးများကို တန်ခူးလမှစတင်ကာ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွင် နောက်ဆုံးထား၍ခူးကြရသည်။ (နတ်တော်လမှ တပေါင်းလအထိမူ ထန်းဖူးမခူးတော့ဘဲ ထန်းလျက်ချက်လုပ်ငန်းအတွက် အနားပေးရသည်။) ၂။ ခူးပြီးအဖူးများကို အခြောက်ထားရသည်။ ၃။ အဖူးများ ခြောက်သွားသောအခါ တစ်ရွက်စီခွဲစိတ်ပြီး ညအချိန်များတွင် နှင်းထဲသို့ သုံးည လေးည နှူးပြီး ပျော့ပျောင်းအောင်ထားရသည်။ ၄။ ပျော့ပျောင်းပြီး အရွက်ရှည်များကို ညှပ်ကြမ်းတွင် ဖိထားရသည်။ ကော့ခြင်းကောက်ခြင်းမရှိဘဲ ညီညာဖြောင့်သောအခါ ညှပ်ကြမ်းမှထုတ်ယူကာ တိုင်းထွာပြီး သုံးပိုင်းပိုင်းဖြတ်ရသည်။ အရင်းပိုင်းကို အရိုးပြုလုပ်ရန်၊ အလယ်ပိုင်းကို ဇာတာရေးရန်၊ ထိပ်ပိုင်းကိုအတွင်းအစာထည့်ရန်၊ စသည်ဖြင့်ဇာတာအရိုင်းတစ်စုံအဖြစ်ပြုလုပ်ရသည်။ ထိုအရိုင်းအစုံပေါင်း ၅၀ ကိုစုပေါင်းပြီး ထန်းဖူးအရိုင်းတစ်ထုပ်ပြုလုပ်ကာ စည်းထားရသည်။ ထန်းဖူးအရိုင်းထုပ်များကို "တောထုပ်" များဟုခေါ်သည်။ ထိုအရိုင်းထုပ်များကို ထန်းတောများတွင်ပြုလုပ်ကြသည်။ ၅။ ထန်းလုပ်သားများက ထန်းဖူး (တောထုပ်များကို ထန်းဖူးဇာတာ ပန်းချီဒီဇိုင်းဆွဲသမားများ ဗေဒင်ဆရာများထံတွင်ရောင်းကြရသည်။ ၆။ ဗေဒင်ဆရာများက ဇာတာပြုလုပ်နိုင်ရန် ထိုအရိုင်းထုပ်များကို ပျော့အိအောင် ငါးမိနစ်မှ ၁၀မိနှစ်ခန့်ရေစိမ်ထားရသည်။ ၇။ ရေစိမ်ထားသောထန်းဖူးများကို ထန်းဖူးညှပ်တွင် တစ်ရက် နှစ်ရက်ခန့်ညှပ်ထားရသည်။ ကြာကြာထားလေ ပိုကောင်းလေဖြစ်သည်။ ထို့နောက် နှုတ်ခမ်းသားမညီမညွတ်သည်များကိုဖြတ်ခြင်း တိခြင်း အစာဖြည့်ခြင်း အတွင်းတွင်ညီအောင် အလွှာပေါင်းကိုးလွှာ အတွင်းအစာငါးလွှာ ထည့်ရသည်။ ၈။ ထိုအဆင့်ထိပြီးသောအခါ ထန်းဖူးများ၏အတွင်းသားကို တမာစေးကော်ဖြင့်ကပ်ရသည်။ ၉။ ကောကပ်ပြီးသော ထန်းဖူးများကို တစ်ရက် နှစ်ရက်ခန့် ညှပ်စင်တွင် ထပ်ညှပ်ရပြန်သည်။ ၁၀။ ညှပ်ပီးသော ထန်းဖူးများသည် မူလအရောင်ပြောင်းသွားကာ အဝါရောင်သမ်း၍ အလွန်ချောမွေ့လာသည်။ ထိုထန်းဖူးများကို ခိုင်ခန့်စေရန် တိုင်းထွာ၍ချုပ်ရသည်။ ၁၁။ ထို့နောက်မှ ထန်းဖူးအကြီးအသေးရွေးပြီး စိတ်ကြိုက်ပုံစံ အမျိုးမျိုးကို မျဥ်းသားရန် ပန်းချီရေးဆွဲရန် ပန်းချီရေးဆွဲ သူထံအပ်နှံရသည်။ ၁၂။ မျဥ်းဆွဲပြီး ပန်းချီရေးဆွဲပြီးထန်းဖူးများကို ဇာတာရှင်၏စိတ်ကြိုက် အမျိုးအစား တန်ဖိုးအနည်းအများအလိုက် ရွေးချယ်ကာ ဇာတာများပြုလုပ်ပေးကြရသည်။ မှတ်ချက် - ထန်းဖူးဇာတာရေးဆွဲရာတွင်အသုံးပြုသော ပစ္စည်းများကို ပုံနှင့်တကွ နောက်Post များတွင်တင်ပေးပါဦးမည်။ ၁၃။ ဇာတာပြုလုပ်ပြီးသောအခါ ပိုးမစားနိုင်ရန် ရေနံဆီ သို့မဟုတ် ရေနံကြီးဖြင့်သုတ်လိမ်းပေးရလေသည်။ အကိုးအကား ၁၉၈၄ခုနှစ် စာပေဗိမာန်စာမူဆုရ "မြန်မာ့ဇာတာ"ဒေါ်တင်မမခိုင် စာအုပ်မှ ကူးယူတင်ပြခြင်းဖြစ်ပါသည် ဆရာဦးအေးကျော် 09402582706

No comments:

Post a Comment

ဗေဒင်ပညာအခြေခံသိထားသင့်သည်များ

🔛၁၂လရာသီခွင်(သို့)ရာသီစက် အကြောင်း🔛      သမိုင်းအထောက်ထားများအရ အဝေးကြည့်မှန်ပြောင်းများသည် ခရစ်သက္ကရာဇ် ၁၆၆၃ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ကြောင...